Tuesday, April 22, 2008

kyaw ko ko was torture

ဗကသခေါင်းဆောင်များအား ရာဇဝတ်သားသဖွယ် ရုံးထုတ်
၁၉-ဝ၄-၂ဝဝ၈ ရီမေအောင် DVB

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၂ဝဝ၇ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို ကို အာဏာပိုင်တွေက စစ်ကြောရေးမှာ နှိပ်စက်ညှဉ်းပန်းခဲ့ပြီး တရားရုံးထုတ်တော့လည်း ရာဇဝတ်သားလို ပြုမူဆက်ဆံတယ်လို့ ဖခင် ဦးကျော်အေးက ပြောပြပါတယ်။ အခုလ ၈ ရက်မှာ ကိုကျော်ကိုကိုနဲ့ အင်းစိန်ထောင်မှာ ပထမဆုံး ထောင်ဝင်စာသွားတွေ့ခဲ့ပြီး ၉ ရက်နေ့မှာ မရမ်းကုန်းမြို့နယ်တရားရုံးမှာ ရုံးထုတ်သွားရောက်တွေ့စဉ် ကိုကျော်ကိုကိုကို နှိပ်စက်ခဲ့တဲ့ အကြောင်းကို သိလိုက်ရတယ်လို့ ဦးကျော်အေးက ပြောပါတယ်။
“၃ရက်နေ့မှာစထုတ်တာ။ ကျနော်တို့က ၈ ရက်နေ့မှာ ထောင်ဝင်စာ သွားတွေ့တယ်။ ၉ ရက် နေ့မှာ ရုံးချိန်းထပ်ချိန်းတယ်။ ၂ ချိန်း ရှိသွားပြီ။ ၂ချိန်းမှာ ဘာမှတော့ မစစ်ဘူး။ ရကတ်ချိန်းထပ်ယူ လိုက်တာပဲ။ ကျနော်တို့က ဝင်လို့ မရဘူး။ ရဲက ညစ်နေရော။”

အချုပ်သားတွေထားတဲ့ အခန်းလေးကို အဝကနေပိတ်ထားတဲ့တွက် ဝင်လို့မရဘူးလို့ ဦးကျော်အေးက ပြောပါတယ်။
“အဝကနေ ပိတ်ထားတော့ ကျနော်တို့က ဝင်လို့မရဘူး။ သူတို့က အထဲမှာပဲ။ ကိုပိုးဖြူကျ တော့ ရှေ့နေဆိုတော့ ဝင်ခွင့် ရတာပေါ့။ ကိုဖိုးဖြူကို ထည့်လိုက်တော့ ကိုဖိုးဖြူက အကြာကြီးစကား ပြောရတယ်။ သူက ဒူးကြီးတော့ စုတ်သွားတယ်။ လမ်း သိပ်တော့ မလျှောက်နိုင်ဘူးပေါ့။ သူ့ကိုနှိပ်စက် တယ်လို့ ပြောတယ်။ ကိုဖိုးဖြူနဲ့သူနဲ့စကားပြောတာ ကျနော်ကြားလိုက်တယ်။ ရုံးထုတ်မှာပြောတာ။”

ရုံးထုတ်တဲ့အခါမှာလည်း ကိုကျော်ကိုကိုနဲ့ ကိုဉာဏ်လင်းအောင်တို့ကို ရာဇဝတ်သားတွေနဲ့ အတူတွဲပြီး သံကြိုးခတ် ချည်ထားပုံနဲ့ တာဝန်ကျရဲဝန်တွေက ကိုကျော်ကိုကို ရာဇဝတ်သားတွေလို ဆက်ဆံတဲ့အတွက်ကြောင့် စိတ်မကောင်းဖြစ်ရတယ်လို့ ဦးကျော်အေးက ပြောပါတယ်။ ကိုကျော်ကိုကိုရဲ့အမှုကို လူငယ်ရှေ့နေ ကိုဖိုးဖြူက လိုက်ပါဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။
ကိုကျော်ကိုကိုနဲ့ ကိုဉာဏ်လင်းအောင်တို့ဟာ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး မှာ၂ဝဝ၇ မျိုးဆက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင်တွေ အဖြစ် ဦးဆောင်ခဲ့ကြပါတယ်။ ကိုကျော်ကိုကိုဟာ ရန်ကုန်စီးပွားရေးတက္ကသိုလ် ဝါဏိဇ္ဇဗေဒ မဟာတန်း ကျောင်းသားဖြစ်ပါတယ်။
မတ် ၁၇ ရက်မှာ သူတို့နှစ်ဦးကို အာဏာပိုင်တွေ ဖမ်းဆီးပြီး အခု ဧပြီ ၃ ရက်မှာ သူတို့ကို စစ်ကြောရေးစခန်းကနေ မရမ်းကုန်းတရားရုံးကို တိုက်ရိုက် ရုံးတင်တရားစွဲပါတယ်။ ဗီဒီယို အက်ဥပဒေပုဒ်မ ၃၂(က-ခ)နဲ့ အာဏာပိုင်တွေက စတင်တရားစွဲပြီးနောက် အခုလ ၉ ရက်မှာ သူတို့ကို ဒုတိယအကြိမ် တရားရုံးထုတ်တာ ဖြစ်ပါတယ်။
အခုလောလောဆယ်တော့ အမှုမစစ်သေးဘဲ လာမယ့်အင်္ဂါနေ့ဧပြီ ၂၂ ရက်ကို ထပ်မံ ရုံးချိန်း ယူထားပါတယ်။ သူတို့ကို အင်းစိန်ထောင်မကြီး အဆောင် ၁၊ အခန်း ၈ မှာ ရာဇဝတ်အကျဉ်းသားတွေနဲ့ အတူ ချုပ်နှောင်ထားတယ်လို့လည်း သိရပါတယ်။

No comments: