Sunday, March 23, 2008

RFA news on Kyaw Ko Ko


ဗကသခေါင်းဆောင် ကိုကျော်ကိုကိုရဲ့ ကျန်းမာရေးအခြေအနေအပေါ် ဗကသ နိုင်ငံခြားရေးရာကော်မတီရဲ့ ကြေညာချက်
RFA 2008.03.23

အာဏာပိုင်တွေက ဖမ်းဆီးထားတာခံရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) လူငယ်မျိုးဆက်သစ် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုကျော်ကိုကိုရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် ဗကသ နိုင်ငံခြားရေးရာ ကော်မတီက ကြေညာချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က ဗကသ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုနဲ့ တခြားကျောင်းသား ခေါင်းဆောင်တွေကို အာဏာပိုင်တွေက ဖမ်းဆီးသွားချိန်ကစပြီး ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ မိသားစုက မသိရတဲ့ အတွက်ကြောင့်ရော၊ ဖမ်းဆီးချိန် အစာအိမ်ရောဂါဖြစ်နေပြီး အာဏာပိုင်တွေရဲ့ လုပ်ရိုးလုပ်စဉ် လူမဆန်စွာ စစ်ဆေးမှုတွေကြောင့် အထူးစိုးရိမ်မကင်းဖြစ်ပြီး အခုလို သတင်းထုတ်ပြန်ရတာလို့ ဗကသ နိုင်ငံခြားရေးရာ ကော်မတီက ကိုမင်းနိုင်က အာအက်အေကို ပြောပြပါတယ်။

ကိုမင်းနိုင်။ ။ ကိုကျော်ကိုကို ကိုဖမ်းသွားတဲ့အခါ ကျနော်တို့ သိရတာ တခုရှိတယ်၊ သူ့ကိုဖမ်းသွားတဲ့အချိန်မှာ ကြမ်းကြမ်းတမ်းတမ်းဖမ်းသွားတယ်၊ နောက်တချက်က သူအဖမ်းမခံရခင်မှာ အစာအိမ်ရောဂါ ခံစားနေတယ်လို့ သိရတယ်။ ကျန်းမာရေးမကောင်းတဲ့သူ တယောက်ကို ဖမ်းဆီးသွားတာဟာ တခုခုဖြစ်မယ်ဆိုရင် ဖမ်းဆီးသွားတဲ့သူတွေမှာ တာဝန်ရှိတယ်လို့ ကျနော်တို့ ယူဆတယ်။

ကိုကျော်ကိုကိုဟာ တိုင်းပြည်ကို ကောင်းမွန်စေလိုတဲ့ စိတ်စေတနာနဲ့ လှုပ်ရှားဆောင်ရွက်နေသူ လူငယ်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်ကြောင်း၊ သူလှုပ်ရှားနေတဲ့ ကိစ္စတွေဆိုတာလည်း တိုင်းပြည်အတွက် အန္တရာယ်ဖြစ်နိုင်တဲ့ ကိစ္စတွေ မဟုတ်ကြောင်း၊ ကိုမင်းနိုင်က ပြောပါတယ်။

ကိုကျော်ကိုကိုဟာ စီးပွားရေးတက္ကသိုလ် မဟာဝိဇ္ဇာတန်း ကျောင်းသားတဦးဖြစ်ပြီး မတ်လ ၁၆ ရက်နေ့က ကျောင်းသားခေါင်းဆောင် နောက်တဦးဖြစ်တဲ့ ကိုဉာဏ်လင်းအောင်နဲ့အတူ အဖမ်းခံခဲ့ရပါတယ်။ သူတို့ ၂ ဦးဟာ မနှစ်က သြဂုတ်လက ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ဗကသ အဖွဲ့ချုပ် ခေါင်းဆောင်တွေအဖြစ် တာဝန်ယူခဲ့ပြီး စက်တင်ဘာ သံဃာ့ အရေးအခင်းမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့ လူငယ်တွေဖြစ်ပါတယ်။


No comments: